ဆရာဝန်လက်လျှော့တဲ့ မျှော်လင့်ချက်မဲ့တဲ့လူနာတွေ( ဥပမာ ကင်ဆာလို အေအိုင်ဒီအက်စ်လို ဝေဒနာရှင်တွေ) မှာ တွေ့ရလေ့ရှိတဲ့ ဒီလက္ခဏာတွေ။ Kübler-Ross Model လို့လူသိများသလို ပရိဒေဝငါးမျိုး (five stages of grief) လို့ဆိုရတဲ့ သီအိုရီကို ဆွစ်လူမျိုး စိတ်ပညာရှင် အမျိုးသမီး Elisabeth Kübler-Ross က သူ့ရဲ့ ၁၉၆၉ ခုနှစ်မှာထုတ်ဝေတဲ့ နာမည်ကျော်စာအုပ် သေခြင်းတရားနဲ့ သူ့ကိုရင်ဆိုင်ခြင်း (on dealth and dying) စာအုပ်မှာ စပြီးမိတ်ဆက်ပေးခဲ့ပါတယ်။
ငြင်းဆန်ခြင်း (Denyl)
ဒေါသ (Anger)
ဈေးဆစ်ခြင်း (Bargaining)
စိတ်ကျခြင်း (Depression)
လက်ခံခြင်း (Acceptance)
ဆိုပြီး အဲဒီလို အဆင့်ငါးဆင့်ခွဲခြားထားပါတယ်။
ဒီအဆင့်တွေဟာ ယေဘုယျအားဖြင့် ရုတ်တရက် ကြီးမားတဲ့ ဒုက္ခနဲ့ တွေ့ကြုံရတဲ့အခါတွေမှာ ရင်ဆိုင်ရနိုင်တဲ့ စိတ်ခံစားမှုတွေပါ။ မိမိချစ်ခင်လေးစားသူ တစ်ဦးဦးကို ဆုံးရှုံးရမယ့်အခါ ဒါမှမဟုတ် ကွာရှင်းပြတ်စဲမှုတွေအပြင် အလုပ် ဝင်ငွေနဲ့ လွတ်လပ်မှုဆုံးရှုံးခြင်းတွေမှာလဲ ဒီခံစားမှုအဆင့်ဆင့်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ပညာရှင်က ဝေဒနာသည် ဒါမှမဟုတ် သောကဖြစ်နေသူဟာ ဒီအဆင့်တွေထဲက အနည်းဆုံးနှစ်ဆင့်နဲ့ ကြုံရနိုင်တယ်လို့ ဖွင့်ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ လူတစ်ဦးတစ်ယောက်တိုင်းဟာ ဒီအဆင့်တွေကိုမဖြစ်မနေ ရင်ဆိုင်ရမယ်ဆိုတဲ့ ဖွင့်ဆိုချက်ကို ရုပ်သိမ်းခဲ့ပါတယ်။
နောက်ပိုင်းမှာ တခြားသော စိတ်ပညာရှင်များက တရားရုံးမှာ ခိုင်လုံတဲ့ စွဲဆိုချက်မျိုးနဲ့ ကြုံတွေ့ရပြီး မချေပနိုင်တဲ့ တရားခံများဟာလဲ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမှာ ဒီပရိဒေဝငါးမျိုးနဲ့ ရင်ဆိုင်ကြရတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ ဒီလိုအခါမျိုးမှာ တရားခံတွေဟာ ရွေးချယ်စရာလမ်းမရှိတော့တာမို့ အပြစ်ကိုဝန်ခံရတဲ့ acceptance အဆင့်ကို စောစီးစွာရောက်ရှိကြတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် သေကာနီးလူနာ မိမိကိုယ်ကို သေရမယ်ဆိုတာ သိပြီးတဲ့ဝေဒနာရှင်တွေမှာ ရာခိုင်နှုန်းအတော်များများတွေ့ရတဲ့ လက္ခဏာတွေမို့ ဒါတွေကို five stages of dealth လို့ လူသိများကြတာပါပဲ။
သေစေနိုင်တဲ့ရောဂါနာမည် ကြီးကြီးမားမားတစ်ခု အတပ်ခံရတဲ့အခါ
အို မဖြစ်နိုင်ဘူး ငါမသေနိုင်ဘူး ရယ်လို့ ငြင်းဆန်မိမယ်။ (Denyl)
ဘာကြောင့် ငါဒီလောက်ကံဆိုးရသလဲ ငါ့ကိုမှ ဒီရောဂါဆိုးကြီးက နှိပ်စက်ရက်လေခြင်း လောကကြီးဟာမတရားပါလား လို့ တွေးမိလာမယ်။ အရာရာကို မကျေမနပ်ဖြစ်မယ်။ ရန်လိုမယ်။ (Anger)
မိမိမျှော်လင့်ချက် ဆန္ဒတစ်စုံတစ်ရာအတွက် သေဖို့ရက်ကို ရွေ့ဆိုင်းချင်တယ်။ နေနိုင်သမျှ အချိန်ပိုလိုချင်ကြတယ်။ (ဥပမာ ငါ့ကလေးတွေ ပညာတတ်ကြီးတွေဖြစ်တာကို မြင်သွားချင်သေးတယ် ဒီလိုမျိုးပေါ့) (Bargaining)
အခြေအနေကို သဘောပေါက်လာတဲ့အခါ စိတ်ဓာတ်ကျလာမယ်။ စိတ်ကုန်လာမယ်။ (Depression)
နောက်ဆုံးတော့ ရွေးချယ်စရာမရှိတဲ့ သေခြင်းကို လက်ခံလိုက်ရမယ်။ (ဒီအဆင့်ကို မရောက်ခင်ပဲ လူနာတော်တော်များများ depression အဆင့်မှာတင် သေဆုံးကုန်ကြတာ များပါတယ်) (Acceptance)
ကျောင်းမှာ Psycho သင်ရတဲ့အခါ နေ့စဉ်လှုပ်ရှားသွားလာစဉ်က အမှုမဲ့အမှတ်မဲ့ ထားခဲ့မိတဲ့ ခံစားချက် ခံယူချက်တွေကို အသေးစိတ် အဓိပ္ပါယ်ဖွင့်ရ ပြန်တွေးကြည့်ရတာတွေ များပါတယ်။ စိတ်ဝင်စားစရာလဲကောင်းသလို တခါတလေလဲ အချိန်ကုန်လွန်းတယ်လို့ ထင်မိတာလဲ ရှိပါတယ်။ လူနာတွေနဲ့ ထိတွေ့ရတဲ့အခါကျတော့လဲ ဟော ဒီလူနာကဖြင့် စိတ်အခြေအနေက ဘယ်လိုဖြစ်နေပြီ ဒီလူကတော့ ဘယ်အဆင့်ကိုရောက်နေတယ်နဲ့ ယှဉ်ပြီးတွေးမိလာပါတယ်။ သူ့စိတ်ကိုဖတ်နေမိတော့လဲ သူ့ကိုဘယ်လိုစကားတွေပြောရမလဲ ဘယ်လိုစိတ်အခြေအနေရှိရင် ဘယ်လိုဆက်ဆံရမလဲ ဆိုတာတွေ စဉ်းစားလာရတာပါပဲ။ ဆိုက်ကိုအချိန်ပြီးတိုင်း အခုအချိန်ငါဘာစိတ်ဖြစ်နေပြန်ပြီ ငါဘာကြောင့် ဒီလိုအတွေးတွေးနေပြန်ပြီနဲ့ သူတို့ဘာသာခြားတွေတော့မသိပေမယ့် ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ကတော့ ကိုယ့်စိတ်ကလေးကို အမြဲစမ်းစစ်နေမိသလို တွေဝေခြင်းနည်းပြီး သတိဆိုတာလေး ဝင်ဝင်လာတော့လဲ အရမ်းပျင်းခဲ့ရတဲ့ Psycho class တွေကို ကျေးဇူးတင်နေမိပြန်ရော။
ရေးစရာလေးတစ်ခု ပေးလာတဲ့ မီ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ သေခြင်းတရားကို ဒီလိုဖြတ်ကျော်ရတဲ့ အဆင့်လေးတွေကို အက်ဆေးလေးတစ်ပုဒ်လောက်တောင် ရေးမလားလို့ စဉ်းစားထားသေးတယ်။ ဒီရက်ပိုင်းတင်ဖြစ်အောင် ကြိုးစားနေတယ်။ ပြီးတော့ Kübler-Ross အကြောင်းလေးလဲ နည်းနည်း အချိန်ရရင် တင်ချင်သေးတာ။ အားလုံး မီ့ကျေးဇူးပါပဲ။
သေခြင်းတရားကို ရင်ဆိုင်ခြင်း
ရေးတာက - မွန် ရေးတဲ့အချိန် 13:29 8 သူတို့ပြောသွားကြတယ်။
Labels: နတ်သမီးလေးရဲ့ အမြင်
အံဝှက်ထဲက မြို့
ပက်လက်လှန်ထားတဲ့
မညီမညာစလောင်းဖုံးတွေအောက်က
မီးခြစ်ဆံဘူးလေးတွေမှာ..
ငှက်လှောင်အိမ်တွေဝင်ဆောက်
ရေစုန်မျောနေတဲ့
အနက်ရောင် မြစ်ပေါ်မှာ
စည်းကမ်းတွေကို ပြောင်းပြန်ရေးထားတယ်...
အောက်ဘက်က ချောက်နက်နက်တွေကို
တစ်ခါသုံးကြွပ်ကြွပ်အိတ်တွေနဲ့
အလှဆင်ထားသလို
ခပ်ချောချော ကလေးမက
သနပ်ခါးတစ်ကွက်ကို ပါးတစ်ဘက်ပေါ်မှာပဲ
ကွက်ထားလေရဲ့...
မိုးတွေရွာ
လေတွေတိုက်
မုန်တိုင်းတွေဆင်
..................
..................
ရိုးအီနေတဲ့
ဟာသပျက်လုံးတွေကို
ခိုးကူးခွေထဲက ပြန်ခိုးကူးနေပြီ..
ချောင်းရဲ့တစ်ဖက်မှာ
ဘာမှ တော့ မရှိတော့ဘူး
တဲတစ်လုံးငှားဖို့
စပေါ်လေးသောင်း လခ လေးထောင်တဲ့
အင်း....
မြက်ပင်ကို ထုတ်ကုန်ုလုပ်ပြီး
ရောင်းစားရအောင် ကြံဦးမှပဲ..
အောက်မှာဖွက်ထားချင်တာက ဒီစာနေရာမှာရေးပါ
ရေးတာက - မွန် ရေးတဲ့အချိန် 17:06 5 သူတို့ပြောသွားကြတယ်။
Labels: အမည်မသိ
တမ်းတခြင်း
အ၀ါရောင် ကောဇောလှိုင်းကြီးတွေ
ခပ်မှိုင်းမှိုင်းနဲ့ ဟိုးအဝေးက
တောင်တန်းကြီးတွေ
ရေပြာပြာ နဲ့ မြစ်ပြင်ကျယ်ကြီးတွေနဲ့လေ
ဘ၀ရဲ့တစ်စိတ်တပိုင်းမှာ
အိပ်မက်ပြန်မက်ဖို့ကိုလေ
ခက်ခက်ခဲခဲနဲ့
မိန်မောနေရတဲ့ဘ၀တစ်ခု...
ဘာမှ မသက်ဆိုင်တော့သလို
ယိုင်နဲ့နဲ့ နဲ့လှမ်းလျှောက်....
သက်ကယ်မိုးနဲ့ ဖုန်ထူထူလမ်းတွေကို
အုတ်နံရံတွေကြားက ကတ္တရာလမ်းတွေထက်
တမ်းတနေတယ်....
မီးခွက်အိမ်ငယ်ငယ်လေးက
အလင်းရောင် ခပ်မှိန်မှိန်
ရင်ထဲမှာ ခွန်အားတစ်ချို့ကို
သွေးသားထဲအထိ စိမ့်ဝင်နေအောင်
ဖန်ဆင်းပေးခဲ့တယ်..
တစ်ခါတလေ
တင်းမာနေတဲ့ အမေ့ရဲ့မျက်နှာပေါ်က
ပက်ကြားအက်တွေလေ
သားဘ၀ကို ဒီအချိန်မှာ
နေရာတစ်ခု ရောက်အောင်
တွန်းပေးခဲ့ဖူးတယ်...
မြက်ခင်းပြင် ခြောက်သွေ့သွေ့ပေါ်မှာ
သစ်ကိုင်းခြောက်လေးနဲ့ ရေးခြစ်ခဲ့ဖူးတဲ့
အရုပ်လေးတွေကို
ခုလေ.. ကျွန်တော်
လေအေးပေးစက်အောက်က
စာကြည့်စားပွဲပေါ်မှာ
ဘောပင်လေးတစ်ချောင်းနဲ့
အေဖိုး-စာရွက်တွေပေါ်မှာ ရေးနေဆဲပါ..
ဒါပေမယ့်လေ.
အခွင့်အခါသင့်မယ်ဆိုရင်
သက်ကယ်မိုးရဲ့အောက်က
ကြမ်းခပ်ကြဲကြဲနဲ့
ကွပ်ပျစ်ပေါ်မှာ
တစ်ရေးလောက်
အိပ်ရေး၀၀ ပြန်အိပ်ခွင့်ရချင်တယ်..
အောက်မှာဖွက်ထားချင်တာက ဒီစာနေရာမှာရေးပါ
ရေးတာက - မွန် ရေးတဲ့အချိန် 02:21 3 သူတို့ပြောသွားကြတယ်။
Labels: အမည်မသိ
ဒဿမဒဏ်ရာ
ဒဿမ ဒဏ်ရာ
သေခြင်းတရား
ကိုယ့်အရှေ့မှာလား ကိုယ့်နောက်ကျောလား
တဆုံးထိုးမယ့် ဓားတစ်လက်လား
ကမ်းလင့်လာတဲ့ လက်တစ်ဖက်လား
ဖိတ်ခေါ်နေတဲ့ တံခါးတစ်ချပ်လား
ထွက်ခွါသွားမယ့် နောက်ဖေးလမ်းကြားလား
ဟိုမှာ တမန်တော်ကစောင့်နေသလား
အနက်ရောင်မြစ်နဲ့ ကူးတို့သမားလား
ဥပေက္ခာပြုထားမိတဲ့ ငယ်သူငယ်ချင်း
မင်းနဲ့မဆုံတာ ၂၃နှစ်ကြာခဲ့ပြီဆိုတော့
ပြန်အတွေ့မှာ မင်းလက်ကိုဆွဲ
မင်းရင်ခွင်ထဲ ကိုယ့်ကိုပွေ့ဖက်လိုက်ပါတော့ကွယ်။ ။
အေးစက်စက်နဲ့ သေခြင်းတရားကို မွန်ကြောက်ပါတယ်။ လောကမှာ သေမှာကိုမကြောက်တဲ့ ပုထုဇဉ်ရယ်လို့ ရှိသေးသလား မွန်မတွေးတတ်ပါဘူး။ ဘယ်နေ့မှာကိုယ်သေရမယ်ဆိုတာကိုလဲ မသိချင်ဘူး။ မွန့်ဘဝကို မွန်ချစ်တယ်။ မွန့်အနားက မွန်ရခဲ့တဲ့ သက်ရှိသက်မဲ့ အရာရာတိုင်းကို မွန်ချစ်နေမိတဲ့အတွက် ခွဲခွာခြင်းဆိုတဲ့ separating anxiety အဲဒါကို သေကာနီးမှာ ဘယ်လိုရှောင်လွှဲနိုင်မလဲ။ သေဖို့ဆယ်ရက်ပဲ လိုတယ်ဆိုတာ သိတဲ့အချိန် ဘယ်လိုများရင်ဆိုင်နိုင်ပါ့မလဲ။ အဲဒီအသိကို ကြားခွင့်ရတဲ့အချိန်မှာကိုပဲ ဆောက်တည်ရာမရဖြစ်မိမယ်။ ဘယ်လိုရပ်တည်နိုင်ပါ့မလဲလေ။
ဒါပေမယ့် သူငယ်ချင်းမောင်မျိုးနဲ့ Dream လေးတို့က သေဖို့ဆယ်ရက်အလိုဆိုတာကို သိနေခဲ့မယ် ဆယ်ရက်အတွင်း ကိုယ်လုပ်ချင်တာတွေလဲ လုပ်ပိုင်ခွင့်ပေးထားခဲ့မယ်ဆိုရင် ဘာတွေလုပ်မလဲ တဲ့ဆိုလာလေတော့။ ပထမဆုံး အဲဒီသေခြင်းတရားးကို ခေါင်းအေးအေးထား နှလုံးသားရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်နိုင်မယ့် ခွန်အားကိုရချင်တယ်။ နောက်ပြီး မွန်အမြဲမျှော်လင့်ခဲ့ရတဲ့ အလုပ်တစ်ခုကို မွန်မသေခင်လုပ်ဖို့ အခွင့်အရေးနဲ့ အချိန်အခါလေးတစ်ခုကို မွန်ရချင်ပါတယ်။ မွန် ၂၀၀၆ခုနှစ်မကုန်ခင် Diploma in HIV/AIDS and Community course ကိုတက်နေတုန်းက မွန့်လက်ချာရာက မွန့်ကိုမေးပါတယ်။ ဒီအတန်းပြီးတဲ့ ၂၀၀၇ ခုနှစ်ကျရင် kwazulau natal ကိုလိုက်မလားတဲ့။ အဲဒါက တောင်အာဖရိကမှာရှိတဲ့ HIV ပြန့်ပွားကူးစက်မှုအများဆုံးနေရာလေး တစ်ခုပါ။ တီချာတို့ရဲ့ ကာကွယ်ကုသရေး ပရော့ဂျက်မှာ Volunteer အဖြစ်ပါဝင်ပေးမလားလို့ ခေါ်တာပါ။ အဲဒီတုန်းက ကျောင်းကလဲ မပြီးသေး အိမ်ကလဲ ခွင့်မပြုတဲ့အတွက် တီချာ့ကိုငြင်းခဲ့ရပေမယ့် သမီးကျောင်းပြီးလို့ အခွင့်အရေးရတာနဲ့ တီချာ့ဆီကိုလာခဲ့ပါမယ်လို့ ပြောခဲ့မိတယ်။ တီချာကတော့ လန်ဒန်ကို အခုချိန်ထိ ပြန်မလာနိုင်သေးပါဘူး။
သေဖို့ဆယ်ရက်အလိုဆိုတာ မွန်သိခဲ့ပြီ။ မွန်မလုပ်ရသေးတဲ့ အလုပ်တွေက အများကြီး။ အားလုံးကို မွန်လုပ်သွားဖို့ မဖြစ်နိုင်တော့တဲ့အချိန်။ ဘယ်သူ့မျက်နှာကိုမှ မထောက်ပဲ မွန်လုပ်ချင်တာလေး တစ်ခုကို မွန်လုပ်သွားတော့မယ်။ တီချာကလဲ မွန့်ကိုလိုလားနေသေးတယ်ဆိုရင် မွန်တီချာ့ဆီကိုလာခဲ့မယ်။ အဲဒီ့ဆယ်ရက် ဆယ်ရက်အတွင်း
ပထမနေ့ - ရောဂါဖြစ်နေတဲ့သူတွေဆီကို မွန်သယ်သွားချင်တဲ့ စားစရာ ရေသန့်နဲ့ အခင်းအကာတစ်ချို့ မွန့်ဘဏ်ထဲက ပိုက်ဆံလေးရှိသမျှပေါ့လေ သယ်သွားချင်တယ်
ဒုတိယနေ့ -အိပ်ချိန်တွေကို အတတ်နိုင်ဆုံးလျှော့ထားမယ် နောက်ဆိုအဆုံးမဲ့ အိပ်စက်ရတော့မှာလေ။ ရနေသေးတဲ့ အချိန်တွေကို သူတို့လေးတွေကို ပေးချင်တယ်။ရေယုံပေါက်နေတဲ့ လူနာတွေကို မွန့်လက်နဲ့ ဆေးထည့်ပေးမယ်။ လက်အိပ်မစွပ်ဘူး။ လက်အိပ်စွပ်တဲ့လက်တစ်ဖက်နဲ့ ထိတွေ့ခံနေရတဲ့ ခံစားမှုကို မွန်နားလည်ပါတယ်။
တတိယနေ့ -သူတို့တွေဝမ်းလျောနေကြမှာပဲ။ diarrhoea သမားတွေကို အညစ်အကြေးတွေ သန့်စင်ပေးတဲ့အခါ လက်အိပ်မစွပ်ချင်ပြန်ဘူး။ တာဝန်ရှိတဲ့ Volunteer တွေက လက်အိပ်စွပ်ဖို့ ပြောကြရင် နောက်ဆယ်ရက်အတွင်း ငါသေတော့မှာမို့ ငါ့အတွက်ရောဂါကူးလဲ မထူးတော့ပါဘူးဆိုတာ ပွင့်ပွင့်လင်းလင်းပဲ ရှင်းပြလိုက်ချင်တယ်။ လူနာတစ်ယောက်စီရဲ့ လုံခြုံမှုနဲ့ ကူးစက်မှုတားဆီးရေးအတွက်တော့ မွန့်လက်တွေကို ခဏခဏပြောင်အောင်ဆေးနေရတော့မှာပဲ။ antiseptic လဲသုံးသင့်ရင်သုံးရမယ်။
စတုတ္ထနေ့ -သူတို့တွေနဲ့ ရင်းနှီးလာပြီဆိုရင် သူတို့အကြောင်းတွေ မွန်သိချင်တယ်။ သူတို့သေမယ်ဆိုတာ သိပြီးဖြစ်တဲ့အချိန်မှာ သူတို့ရဲ့ သေခြင်းတရားကို လက်ခံမှု နောက်ထပ် မျှော်လင့်ချက် ပြောချင်တဲ့စကားတွေ မွန်နားထောင်ချင်တယ်။ ပြီးတော့လေ HIV ပိုးရှိလို့ Tuberculosis ရနေတဲ့ လူနာတွေကို မျက်နှာမှာ Mask မတပ်ပဲ နမ်းချင်သေးတယ်။ အဲဒီအခါ သူတို့မျက်ဝန်းထဲက ပြောမယ့်စကားတွေ မွန့်နှလုံးသားနဲ့ ကြားခွင့်ရချင်မိတယ်။
ပဉ္စမနေ့ -သူတို့ကြားထဲမှာ အိပ်မယ်။ ကလေးလေးတွေဆိုရင် ရင်ခွင်ထဲထည့်ထားချင်မိတယ်။ ညဘက်ညည်းတွားနေတဲ့ လူနာဆိုလည်း အနားမှာအဖော်ပြုပေးမယ်။ မနှိုင်းအပ် မနှိုင်းရာပေမယ့် နိုက်တင်ဂေးလိုလို မာသာထရီဇာလိုလို စိတ်ကူးယဉ်အိပ်မက်တွေလဲ မက်လိုက်ဦးမယ်( ဒါလဲ အတ္တကို အရောင်တင်ခြင်းတစ်မျိုးလား)
ဆဌမနေ့ -နေ့စဉ်လုပ်နေကျ အလုပ်တွေပဲဆက်လုပ်နေမယ်။ အချိန်ရရင် သီချင်းလေးတွေ သူတို့နဲ့တူတူဆိုကြဦးမယ်။ သူတို့ပျော်အောင် အမျိုးမျိုးလုပ်ပြမယ်။
သတ္တမနေ့ -သူတို့ကြားထဲမှာ ထိုင်ရင်း အိမ်ကို စာရေးနေမယ်။ တကိုယ်ကောင်းဆန်သလိုဖြစ်သွားတဲ့ မွန့်ဆုံးဖြတ်ချက်အတွက် မာမီတို့ကို တောင်းပန်မယ်။ မွန့်ကိုနားလည်ပေးမယ်လို့ မျှော်လင့်တယ်။ အချစ်ဆုံးတစ်ယောက်ဆီကိုလဲပဲ စာနည်းနည်းရေးပေးခဲ့မယ်။ သူ့ဆီကိုနောက်ထပ်ဖုန်းမဆက်တဲ့အခါ မွန်ဘယ်ရောက်သွားသလဲ သူမသိတော့မှာ စိုးတယ်။
အဌမနေ့ -သေဖို့တဖြေးဖြေးနီးလာပြီ။ လူနာတွေကို ပြုစုရင်းပဲ ဘလော့လေးကိုလဲ သတိရနေမယ်။ မွန်သေရင်ဒီမှာပဲ သဂြိုလ်ဖို့ တာဝန်ရှိတဲ့သူတွေကို ပြောရဦးမယ်။
နဝမနေ့ -ကိုယ်မွေးတဲ့ကလေးကို လက်အိပ်ဝတ် မျက်နှာဖုံးတပ်ပြီး ပြုစုတဲ့မိခင်မရှိသလို လူနာတွေကိုလဲ မိခင်တစ်ယောက်ရဲ့ ပြုစုမှုကို ခံစားဖူးစေချင်တဲ့ အကြောင်း သူတို့တွေကို ရှင်းပြနေမိဦးမလား။ ညဘက်တိတ်တိတ်လေးအပြင်ထွက်ပြီး အရင်ကလို အသံတွေထွက် ငိုလိုက်ချင်သေးတယ်။ တကယ်တော့ မွန်သေရမှာသိပ်ကြောက်ပါတယ် ဆိုတဲ့အကြောင်းရောပေါ့။ ကောင်းကင်ကြီးကိုမော့ကြည့် တစ်ယောက်ယောက်ကိုတိုင်တည် သူမကြားနိုင်ပေမယ့် အရင်လို ငိုချင်သေးတယ်။
ဒဿမနေ့ -အဲဒီနေ့ ရောဂါသည်းနေတဲ့ လူနာတယောက်ယောက်များရှိမလား။ ဒါဆို သူ့လက်ကလေးကို ဆုပ်ကိုင်ရင်း သေအံ့မူးမူးမို့ အားမငယ်ပါနဲ့ကွာ မင်းနဲ့တူတူ ကိုယ်ပါအဖော်လိုက်ခဲ့မယ်လို့ အားပေးရင်း အလုပ်တွေလုပ်နေရင်းကပဲ တိတ်တိတ်ဆိတ်ဆိတ် သူတို့နဲ့အတူတူ....
သေသွားပြီးရင် မွန့်စာတွေကို လိပ်စာအတိုင်းပို့ပေးကြစေချင်တယ်။ မွန့်အလောင်းကို သူတို့ကိုသဂြိုလ်တဲ့အတိုင်းပဲ အဆုံးသတ်ကြစေချင်တယ်။ မြန်မာပြည်ကကျောင်းသူလေးတစ်ယောက် အာဖရိကမှာ Volunteer လုပ်ရင်း သေဆုံးတယ်ဆိုတာ CNN မှာဖြစ်ဖြစ် BBC 1 မှာဖြစ်ဖြစ် ပါရင်ဝမ်းသာဦးမယ် (မြန်မာဆိုတဲ့ အတ္တကြီးကကြီးပြန်ပြီ ဒါလဲ ဒိဌိတစ်မျိုး)။
ဒါက သေဆုံးကာနီး သွေးရူးသွေးတန်းနဲ့ ကောင်မလေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်တာလဲ ဖြစ်နေနိုင်ပါတယ်။ တကယ်သာသေရမယ်ဆိုရင်တော့ အထုပ်ဆွဲပြီး အိမ်ပြန်ပြေး မာမီ့ကိုဖက်ပြီး ငိုနေမိမလားမသိပါ။ သေကာနီးလူတွေဖြတ်ကျော်ရမယ် stage ငါးခုရှိပါတယ်လို့ သင်ခဲ့ရဖူးတယ်။ 1.denyl 2.anger 3.bargaining 4.depression 5.acceptance တို့ပါတဲ့။ ဒီပို့စ်မှာက acceptance ကိုရနေပြီးသား လူတစ်ယောက်ရဲ့ Plan တွေကိုရေးသားရတာမို့ သေရမှာကို ချောချောမွေ့မွေ့ရေးသားနိုင်ခဲ့တယ်။ တကယ်ဆိုရင် ငြင်းဆန်မှု ဒေါသ သေရက်ကိုဈေးဆစ်ခြင်း စိတ်ကျခြင်းတွေ လာရဦးမှာလေ။ ဘာပဲဖြစ်ဖြစ် Tag post တွေရေးရတာကို အရမ်းကိုကြိုက်တာပါ။ မွန်ရေးခဲ့ဖူးသမျှ စာတွေထဲမှာလဲ ဖတ်သူလဲကြိုက် ရေးရတာလဲအားရတဲ့ပို့စ်တွေဟာ တဂ်ဂိမ်းတွေပဲဖြစ်နေတတ်တာ သတိထားမိပါတယ်။ ဒီလိုအကျိုးရှိမယ့် ခေါင်းစဉ်လေးကို တဂ်တဲ့ ဂါဂါနဲ့ Dreamလေးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်လို့။ နောက်လဲ တဂ်ဂိမ်းတွေ ဆက်ရေးဦးမယ်။
(ရေးပြီးမှ သတိရလို့ ဘုရားလဲ မရှိခိုးဘူးနော် ဒီဆယ်ရက်မှာ မေ့နေတာ ဟိ သရဏဂုံတော့ တည်ရဦးမယ် စာတွေစဖတ်ကာစက သေမိန့်ကျအပြီးမှာ ဥပုသ်ဆောင်ဝင် အဓိဌာန်တွေလုပ်သွားတဲ့ နရသီဟပတေ့မင်းရဲ့ မိဖုရားစောလုံက မွန့်ရဲ့ Hero ဖြစ်ခဲ့ပေမယ့် စာဖတ်သက်နည်းနည်းရင့်လာတော့လဲ ဆရာလူမျိုးနော်ရဲ့ အကြွင်းမဲ့ချစ်ခြင်းမချစ်ခြင်းထဲက အနာကြီးရောဂါဆေးရုံက ဆရာဝန်ကသာ မွန့်အတွက် Ideal person ဖြစ်လာခဲ့တော့ သူ့လိုဘဝရဲ့ အဆုံးသတ်ခြင်းမျိုးကိုပဲ ရွေးချယ်မိတာပါ)
ဆက်တဂ်မယ့်သူက
ဒက်ဒီလေး
နော် ဒက်ဒီလေးကတဂ်တဲ့ ပြောထားပြီးသား ပြောပြီးစလစ် ပဲ ရေးပေး
ရေးတာက - မွန် ရေးတဲ့အချိန် 11:04 7 သူတို့ပြောသွားကြတယ်။
Labels: နတ်သမီးလေးရဲ့ tag
နေ့သစ်
ဟိုးဖက် အဝေးက
မိုးကုတ်စက်ဝိုင်းရဲ့ဘေးမှာ
အနီရောင်မိုးကောင်းကင်ကြီးလေ
နိုးထလို့ နေ့သစ်ကို ကြိုနေတဲ့အချိန်
နေ့သစ်ကို
ဝိုင်တစ်ခွက်လို မော့သောက်ဖို့
စောင့်နေသူတွေလဲရှိရဲ့
နေ့သစ်ကို
အမှိုက်လို သွန်ချဖို့
စောင့်နေသူတွေလဲရှိရဲ့
နေ့သစ်ကို
အရက်ခါးခါးတစ်ခွက်လို
မော့သောက်ဖို့ စောင့်နေသူတွေလဲရှိရဲ့
ခြောက်ကပ်ကပ် နေ့ရက်တွေကို
ဖြတ်သန်းတဲ့ ဘ၀တွေလေ
တဖြုတ်ဖြုတ်နဲ့ကြွေနေချိန်
အချိန်နဲ့လောင်းကစားလုပ်ပြီး
ငွေကြေးကို အရင်းအနီးလုပ်
ဈေးပေါပေါနဲ့ ဘ၀တွေကို
အရောင်ဆိုးပေးတဲ့
အတ္တသမားတွေ ရှိနေလေရဲ့
အပြစ်မရှိတဲ့
နှလုံးသားတစ်ခုကို
နာကျင်မှူ တွေပေးပြီး
ဘာမှန်းမသိတဲ့ စကားလုံးလှလှလေးတွေနဲ့
ရက်စက်တဲ့သူတွေလည်းရှိနေလေရဲ့.
ဒီနေ့သစ်မှာလေ...
ကိုယ့်ဘ၀ကို ကိုယ်
လောင်းကြေးခပ်ပါးပါးထပ်ပြီး
နံရံလေးဘက်ကြားက
မှန်သားပြင်တစ်ခုပေါ်မှာ
ကစားရဦးမယ် ထင်ပါရဲ့.......
အောက်မှာဖွက်ထားချင်တာက ဒီစာနေရာမှာရေးပါ
ရေးတာက - မွန် ရေးတဲ့အချိန် 18:17 5 သူတို့ပြောသွားကြတယ်။
Labels: အမည်မသိ
ပထမဆုံး အလစ်သုတ်ခဲ့ခြင်း
ပထမဆုံးတွေ တော်တော်များများကို ဘယ်တုန်းကမှ မှတ်မှတ်ရရ မရှိခဲ့ဘူး။ ပထမဆုံးဆိုတာထက် အကောင်းဆုံးဆိုတာကို ပိုပြီးဦးစားပေးတတ်ခဲ့တာလေ။ ကျောင်းတက်တုန်းကလဲ ပထမဆုံးခုံမှာ မထိုင်ချင်ခဲ့ဘူး။ ထိုင်ခုံရဲ့ပထမဆုံးနေရာမှာလဲ မထိုင်တတ်ပဲ သူငယ်ချင်းတွေကြား အလည်ကိုတိုးဝှေ့ထိုင်ခဲ့တယ်။ အိမ်မှာဆိုရင်လဲ လူမြင်သာတဲ့နေရာထက် တချောင်ချောင်ကို အမြဲကပ်နေခဲ့တယ်။ အကုန် အကုန်ပါပဲ။ ပထမတွေကို ပထမဆုံးအကြိမ်သတိတရဖြစ်လာစေဖို့ အကိုကြီးကိုလင်းထက်က tag ထားတယ်တဲ့လေ။
အဲဒီတုန်းက အသက်က ၁၆နှစ်ကျော်ကျော် အရမ်းကိုဆိုးနေတဲ့အချိန်။ ဆယ်ကျော်သက်အရွယ်မှာ မွန်တော်တော့်ကိုဆိုးခဲ့တယ်။ အပေါင်းအသင်းဆိုတာလဲ အရမ်းမင်ပြီးတော့ အိမ်ကိုလဲ အမြဲကလန်ကဆန်လုပ်နေတတ်တယ်။ အိမ်မှာမနေချင်ပဲ နေရာတကာကို သွားချင်နေတတ်တယ်။ ဘာမဆိုလဲ မလုပ်ရဲတာမရှိသလောက်ပဲ။ အပေါင်းအသင်းကို အားကိုးပြီး ကိုယ့်ကိုယ်ကိုလဲ လူကြီးတစ်ယောက်ဖြစ်ပြီလို့ ထင်နေခဲ့ပြီလေ။ ပြောပုံဆိုပုံ ပြုမူပုံတွေက တကယ့်ကို ရဲတင်းလွန်းခဲ့တယ် ဘယ်သူ့ကိုမှ ဂရုလဲမစိုက်ပဲ ကိုယ်ထင်ရာကိုယ်လုပ် ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေတတ်တယ်ဆိုတာ အခုပြန်စဉ်းစားကြည့်မှ သိလာရတယ်။
၁၆ နှစ်ကျော်ဆိုတော့ တက္ကသိုလ်တက်နေပြီ။ ပထမနှစ်ဖြေပြီးကာစ အချိန်။ မွန်က သူငယ်ချင်းတွေကြားမှာ ဆရာကြီးသိပ်လုပ်ပဲ။ ကျောင်းပြေးတာရယ်၊ သီတင်းကျွတ်ဆို လမ်းမတော်မှာ လမ်းလျှောက်ရင်း လူတွေခြေထောက်ထဲ ဗျောက်အိုးပစ်ထည့်တာရယ်၊ ၈လွှာခေါင်မိုးကနေ ညကြီးသန်းခေါင် လမ်းမပေါ်ကို စက္ကူလေယာဉ်ပျံတွေ လွှတ်ချတာရယ်၊ သင်္ကြန်မှာ ညမိုးချုပ်မှ ပြန်ပြန်လာလို့ ၁၆နှစ်သမီးကို ဖေဖေတံမြက်စည်းဆွဲပြီး လိုက်ရိုက်တာရယ် အများကြီးပဲ မွန်ဆိုးတာတွေ။ အဲဒီတုန်းကကျတော့ စာအုပ်ဈေးပွဲတော်။ MICT မှာလုပ်တာထင်တယ်။ စာအုပ်သရဲဆိုတော့ ရောက်သွားပြန်ပြီး တွေ့သမျှ အကုန်လိုချင် အကုန်ဝယ်နေတော့တာပဲ။ လက်ထဲမှာရော သူငယ်ချင်းတွေ ကိုင်ပေးထားတာရော အများကြီးဖြစ်နေပြီ။ နောက်ဆုံး စာကြီးပေကြီးတွေ ဝယ်အပြီး ပိုက်ဆံကလဲ လက်ထဲမှာမကျန်တော့ဘူးဆိုတော့မှ မွန့်အကြိုက်ဆုံးစာအုပ်ကိုသွားတွေ့တယ်။ တေဇပေါင်းချုပ်။ အကြီးကြီးပဲ အထူကြီး။ အရင်က တေဇအဟောင်းတွေဆိုတော့ ပုံတွေကလဲ အရောင်ကစို အကြောင်းအရာကစုံ အရမ်းကိုလှ အရမ်းကိုဖတ်ချင်စရာ။ လိုချင်တယ် အရမ်းကိုလိုချင်တယ်။ ဈေးကတော့ ၂၅၀၀ လို့ထင်တယ်။ တကယ်ကိုပဲ လက်ထဲမှာပိုက်ဆံက ၂၀၀၀တောင်မပြည့်တော့ဘူးဆိုတော့ ဘေးကသူငယ်ချင်းက သူဝယ်တဲ့အထဲပေါင်းထည့်လို့ပြောတယ်။ တကယ်ဆို အဲလောက်လွယ်နေတာ။ သူတို့ကို ဝယ်ခိုင်းလိုက် အိမ်ရောက်မှပိုက်ဆံပြန်ပေး အေးအေးဆေးဆေးပဲ။ ဒါပေမယ့် မွန်ချောက်ဖုံတဲ့နော်။ တစ်ဖုံထဲရှိတယ်။ နှစ်ဖုံရှိရင် မြန်မာဆေးဖော်ပြီး ရောင်းစားပစ်လိုက်မယ်။
မွန်တို့အဖွဲ့က အဲဒီတုန်းက ကလေးသာသာဆိုတော့ ကျန်တဲ့သူတွေက ကြောက်တတ်တယ်။ မွန်ကလဲ သိပ်အစွမ်းပြချင်တယ်။ ငါ့အစွမ်းကိုပြလိုက်မယ်။
ဒီတေဇကို ရအောင်ယူပြမယ်
ဘာလုပ်မှာလဲ အလစ်သုတ်ပြေးမှာလား တဲ့
ဟုတ်တယ်။ အလစ်သုတ်ပြေးမယ်။ ဆိုင်ရှင်ဦးလေးကြီး ဟိုဘက်ကဘုရားစာအုပ်တွေ ပြပြီး အလုပ်ရှုပ်နေတုန်း တေဇကို မွန်အလစ်သုတ်ပါတော့မယ်ခင်ဗျား။ ဘေးကသူငယ်ချင်းတွေဆိုတာ မျက်နှာကိုပျက်နေတာပဲ။ ကျိတ်ကျိတ်ကျိတ်ကျိတ်နဲ့ မွန့်ကိုလဲ အတင်းဆွဲ။ မရပါဘူး ဆွဲလေ အစွမ်းကပြချင်လေပဲ ဟိ။ အဲဒီတုန်းကတော့ လွယ်လွယ်လေးပါ။ ကိုယ့်ကိုယ်ကိုယုံကြည်စိတ် လွန်ကဲနေတဲ့အချိန် မှင်သေသေနဲ့ ဝယ်ထားတဲ့စာအုပ်တွေကြား တေဇကိုကောက်ညှပ် အဖိုးကြီးကို အန်ကယ်တခေါက်ပြန်လှည့်လာမယ်နော် စာအုပ်တွေက အရမ်းများနေလို့ ကားပေါ်သွားထားဦးမယ် ဘာညာနဲ့တောင် စကားတွေသွားပြောသေးတယ်။ ခပ်တည်တည်နဲ့ ထွက်လာတာပဲ။ ဆိုင်ပြင်ရောက်မှ ကားပေါ်ပြေးတက် အိမ်ကိုမောင်းပြေးခိုင်းလာတာပေါ့။
အဲဒီတုန်းက မဆင်မခြင်လုပ်ခဲ့မိတာ တစ်ခုပါပဲ။ နောင်တလဲ တော်တော်နဲ့မရခဲ့ပဲ သူငယ်ချင်းတွေကြားထဲ သူရဲကောင်းကြီးလုပ်ခဲ့သေးတာ။ အခုပြန်တွေးကြည့်မှ ရှက်စရာ။ မွန့်ဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် သူတပါးချွေးနည်းစာကို ခိုးခဲ့မိတာပေါ့။ မသိခဲ့တဲ့အတွက် လိပ်ပြာမသန့်လဲမဖြစ်ခဲ့ပဲ ခပ်တည်တည်အလစ်သုတ်နိုင်ခဲ့ပေမယ့် အပြစ်ကိုသိနေတဲ့ အခုလိုအချိန်မှာ ဒါမျိုးပြန်လုပ်ခိုင်းရင် အရမ်းကြောက်နေမိမှာပဲ။ ချက်ချင်းလဲ မိမှာပဲထင်တယ်။ အရမ်းဆိုးခဲ့တာတွေကို စာရေးပြီး ဝန်ခံလိုက်ရတော့လဲ စိတ်ထဲပေါ့သွားသလိုလို။ တခြားပထမဆုံး နဲ့ အဆိုးဆုံးတွေလဲ အများကြီးပဲလေ။ မွန်ဆိုတာက သိပ်ဆိုးခဲ့တဲ့ ကောင်မလေးတစ်ယောက်ကိုး။ နောက်ထပ် အချိန်ရရင် ပထမဆုံးသေကြောင်းကြံစည်ခဲ့တဲ့ တိရိစ္ဆာန်လိုမျိုးတွေ ဆက်ရေးပေးဦးမယ်။ မီအခန်းဆက်နဲ့ရေးပေးမယ်ဆိုတာကို အားကျလို့။
အခုတော့ ဒီတစ်ပုဒ်နဲ့ပဲကျေနပ်ပါနော် ဖန်ဆင်းရှင်ကြီး ကိုလင်းထက်။
ဆက်တက်မှာက
မမခင်ဦးမေ
ကိုသီဟညိမ်း
Dream လေးတို့ပါ
ပထမဆုံးတွေ မှတ်မိသလောက် ရေးပေးရမယ်နော်
ရေးတာက - မွန် ရေးတဲ့အချိန် 17:19 8 သူတို့ပြောသွားကြတယ်။
Labels: နတ်သမီးလေးရဲ့ tag
Say No to Drugs, Say Yes to Life
မူးယစ်ဆေးသမိုင်း
မူးယစ်ဆေးဟာ လူ့ယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆယ့်ကိုးရာစုအလယ်လောက်က စပြီးပါဝင်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်များဆီမှာ ဂီတနဲ့ အနုပညာအသိုင်းအဝိုင်းကနေစပြီး ခေတ်စားလာတဲ့ ဒီမူးယစ်ဆေးဝါးဟာ လူ့ဘောင်ရဲ့မြင်ကွင်းစုံမှာ စပြီးအရေးပါလာခဲ့ပါပြီ။ ဒီပြဿနာမှာ အကြောင်းရင်းစုံရှိခဲ့ပါတယ်။ ၁၉၆၀ ဝန်းကျင်ကောလိပ်ကျောင်းသားများရဲ့ သုံးရက်ဆက်တိုက် ကပွဲပါတီများကတဆင့် Ecstasy, Methampnetamine-fueled rave လို့ခေါ်တဲ့ ဆေးဝါးများကို လူငယ်တွေစွဲလာကြပါတယ်။ ပြီးတော့ စိတ်ကျဆေးပြားတွေ သုံးစွဲလွန်တဲ့ မိခင်တွေကနေ ကလေးတွေကို နောက်ပြီး ကိုကင်းသုံးစွဲမှု CEO သုံးစွဲမှုတွေလဲ ရှိလာကြပါတယ်။
အခုဆိုရင် နိုင်ငံတကာက လူသန်းပေါင်း ၂၀၀ ကျော်ဟာ တရားမဝင် မူးယစ်ဆေးသုံးစွဲသူတွေအဖြစ် စာရင်းဝင်နေကြပါပြီ။
လတ်တလော လေ့လာချက်များအရ အနောက်ဥရောပမှာ ၁၅ နှစ်အောက် မူးယစ်ဆေးသုံးစွဲသူစာရင်းဟာ ၁၀% ကနေ ၃၀% အထိမြင့်တက်သွားခဲ့ပါတယ်။ ယူကေရဲ့ ၁၅နှစ်အောက် ယောက်ျားလေးများအနက် ၄၂.၅%ဟာ ဆေးစွဲသူတွေဖြစ်နေကြပါပြီ။ ယူကေမှာ ကိုကင်းသုံးစွဲမှုဟာ ဥရောပတခွင် အမြင့်မားဆုံးဖြစ်နေပြီး ၁၆ နှစ်မှ ၃၄ နှစ် လူဦးရေရဲ့ ၅%ဟာ ဆေးသုံးစွဲသူတွေပါ။ ဒါ့အပြင် သြစတီးယား၊ ဒိန်းမတ်၊ ဂျာမဏီ၊ ဂရိစ်၊ အိုင်ယာလန်၊ အီတလီ၊ စပိန် နဲ့ နယ်သာလန်တို့မှာလဲ မူးယစ်ဆေးသုံးစွဲသူ လူငယ်ထုနှုန်းဟာ အလျင်အမြန်မြင့်တက်နေကြောင်း တွေ့ရှိရပါတယ်။
ယူအက်စ်မှာဆိုရင် 2003 National Survey on Drug and Health အရ အမေရိကန်နိုင်ငံသား ၁၉သန်း (၁၂နှစ်အထက်လူဦးရည်ရဲ့ ၈.၂%) ဟာ ဥပဒေအရပိတ်ပင်ထားတဲ့ မူးယစ်ဆေးသုံးစွဲသူများအဖြစ် စာရင်းဝင်နေပါတယ်။
နိုင်ငံအများအပြားမှာ တွင်ကျယ်စွာ သုံးစွဲနေကြတဲ့ မူးယစ်ဆေးကတော့ Alcohol ပါ။
ဥပဒေအရပိတ်ပင်ထားတဲ့ အသုံးများဆေးဝါးကတော့ Marijuana ပါ။ ယူအန်ရဲ့ 2005 world drug report အရ ကမ္ဘာ့လူဦးရေရဲ့ ၄%ဟာ Cannabis သုံးစွဲသူများ ဖြစ်ကြပါတယ်။
ယနေ့ခေတ် လူငယ်အများစုဟာ မူးယစ်ဆေးဝါးနဲ့ စောစီးစွာထိတွေ့ခွင့် ပိုမိုရရှိလာကြပါတယ်။ လေ့လာချက်များအရ အထက်တန်းကျောင်းသားများရဲ့ ၄၅% ဟာ Alcohol သုံးစွဲလာကြပြီး ၂၂% ကတော့ ဆေးလိပ်သောက်သုံးသူများ ဖြစ်နေကြပါတယ်။
*******************************************************************************************************************************
လူတွေဘာကြောင့်မူးယစ်ဆေးသုံးစွဲကြသလဲ
ဘဝရဲ့ အစိတ်အပိုင်း တစ်စုံတစ်ရာကို ပြောင်းလဲပစ်ဖို့ လူတွေဆေးဝါးသုံးစွဲလာကြပါတယ်။ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲရခြင်းရဲ့ အကြောင်းတစ်ချို့ကတော့
-အပေါင်းအသင်း ဝင်ဆန့်လိုမှု
-လွတ်မြောင်လိုမှု စိတ်သက်သာလိုမှု
-ငြီးငွေ့မှု ပြေပျောက်စေဖို့
-အရွယ်ရောက် ရင့်ကျက်သူဖြစ်ကြောင်း ပြသလိုမှု
-ပုံကန်ဆန့်ကျင်လိုမှု
-စမ်းသပ်ချင်မှု
ဒါတွေပဲဖြစ်ပါတယ်။လူငယ်တစ်ချို့က မူးယစ်ဆေးဟာ ပြဿနာကိုဖြေရှင်းနည်းလို့ ယူဆကြပါတယ်။ ဒါပေမယ့် တကယ်တော့ မူးယစ်ဆေးကသာ ပြဿနာအရင်းခံအဖြစ် ကူးပြောင်းလာပါတယ်။
မူးယစ်ဆေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ဆေးစွဲပြီး မျှော်လင့်ချက်ကင်းမဲ့မှုတွေအတွက် ဖြေရှင်းစရာနည်းလမ်းကတော့ ရှိကိုရှိနေပါတယ်။
ခေတ်မီတိုးတက်တဲ့ ယနေ့ကမ္ဘာမှာ နေထိုင်ကြီးပြင်းရသူတွေအဖို့ စိတ်ရဲ့အလိုကိုလိုက်မှုတွေဟာလဲ ပေါများလှပါတယ်။ မိမိရဲ့ ပြဿနာကို ယုံကြည်ရတဲ့ မိတ်ဆွေ သူငယ်ချင်း၊ အကြီးအကဲ နဲ့ မိသားစုဝင်တစ်ဦးဦးကို ဖွင့်ဟခြင်းအားဖြင့် အံ့သြဖွယ်ရာ အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး ဖေးမကူညီခြင်း ၊ နားလည်အောင်ကြိုးစားခြင်းနဲ့ ရှေ့ဆက်လျှောက်လှမ်းနိုင်ကြပါပြီ။
အဓိကအဖြေကတော့ မူးယစ်ဆေးဝါးကို မျက်မြင်ဒိဌိတွေ့တဲ့အခါမျိုးမှာ မစမ်းသပ်မိဖို့ နဲ့ မူးယစ်ဆေးဖြတ်ပြီးသူကလဲ ပြန်မသုံးစွဲမိဖို့ပါ။ ဒါဟာ တစ်ဦးချင်းအနေနဲ့ ခက်ခဲတဲ့ပြဿနာပါ။ ပြဿနာတစ်ခုရဲ့ ထွက်ပေါက်အဖြစ် မူးယစ်ဆေးကိုသုံးတော့မယ်ဆိုရင် ပြန်စဉ်းစားကြည့်ပါ။ ဆေးဝါးကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ မိမိရဲ့ မူလပြဿနာထက် ကြီးထွားနိုင်ပြီး ခဏတာ ခံစားမှုနဲ့ ပျော်ရွှင်မှုတွေဟာ ရှင်သန်မှုအတွက် မရှိမဖြစ်အရာတွေ မဟုတ်ကြောင်းကိုပါ။
( Drug Destroy Creativity လက်ချာလိုက်ရင်း မှတ်မိနေတာလေးတွေ ပြန်ရေးထားတာပါ ဒီနှစ် လက်ချာပဲလိုက်နေရတော့ စာတွေလဲ မတင်နိုင်တာကြာလှပြီ ပျင်းစရာကောင်းတဲ့ လက်ချာခန်းထဲက အသုံးဝင်မယ်ထင်တဲ့ လူငယ်တွေအတွက် အသုံးကျမယ်ထင်တဲ့ Say No to Drugs,Say Yes to Life ဆိုတာလေးကို နည်းနည်းစီတင်သွားပါမယ် နောက်တော့ Drug အမျိုးအစားတွေ အကြောင်းနဲ့ သူတို့ရဲ့ Effect တွေရောပေါ့ )
ရေးတာက - မွန် ရေးတဲ့အချိန် 13:35 2 သူတို့ပြောသွားကြတယ်။
Labels: နတ