8 June 2009
"အိပ်ပြီ တာ့တာ "
"ဂရုစိုက်နော် နေကောင်းအောင်နေ"
"ပြန်တော့မယ် မိုးချုပ်နေပြီ"
"ဒီမှာ ဆက်သွယ်ရေးကျကျသွားလို့ "
"ဂွတ်နိုက်"
အားလုံးထွက်ခွါသွားတော့ သူ့မှာ ဖုန်တွေတောင်တက်လို့။ လက်သည်းတွေတောင်ရှည်လို့။ မိုးတွေတောင်စိုလို့။ ဒီနေ့ကျီးကန်းကြီးများသာမလားလို့ မော့ငေးနေမိပြန်သည်။ သူနဲ့သူ့သေတ္တာလဲ သံချေးတက်ပြီ။ အဲဒီဘယ်တော့မှမပိတ်ပဲ ဟောင်းလောင်းဖွင့်ထားတဲ့ လျှပ်စစ်သေတ္တာထဲက သံယောဇဉ်ငါးတွေလဲ သံချေးစားကုန်ပြီ။ သူတို့သူတို့တွေအိပ်ကုန်ကြပြီ။ သူ့မှာသာ သေတ္တာကြီးတစ်လုံးနှင့် သံယောဇဉ်ကျပ်ခိုးတွေတက်နေတဲ့ အိမ်အိုကြီးလို တစ်ယောက်ထဲ။
တကယ်တော့ သူတစ်ယောက်ထဲမှ မဟုတ်ပဲလေ။ သူ့မှာရှိပါသည်။ သူ့သေတ္တာထဲမှာ ကြက်တောင်စည်းနှစ်ဖက်နှင့် သူ့မျက်နှာသူ ပြန်မြင်ရသလို ကြည့်မိတိုင်းရယ်ပြုံးမိစေသည့် သူ့အသက်ဗူးမ ပိစိကွေးလေးရှိသည်။ သူ့အိပ်မက်အဟောင်းတွေရဲ့သော့ကို သူမခါးကြားမှာထိုးထားသည့် သော့ထိန်းတစ်ယောက်လဲရှိသည်။ ပြီးတော့ သူတရံတခါက အမြဲတက်ပြီး တကူကူးစီးခဲ့ဖူးသည့် (အခုတော့) စတီးချောင်းနှင့် ခြေထောက်အရေတွဲတွဲတွေလည်းရှိသည်။ ခါးတာတွေကို ချိုချိုလေးမြိုချတတ်သောသူလည်း အဲဒီခြေထောက်တွေအောက်မှာတော့ ညွှတ်တွားခယနေတတ်မြဲဖြစ်သည်။
အပြုံးတွေ ပြည့်စုံနေဖို့ဆိုလျှင် ရင်ထဲမှာ ဗလာဖြစ်နေဖို့လိုသည်။ ရင်ထဲမှာတခုခုပိုနေလျှင်တော့ အပြုံးတွေ တခုခုလိုနေတတ်သည်။
သူ့သေတ္တာကို ပိတ်ဖို့ခလုတ်မတပ်ပဲ ဒီဆိုင်က ညာရောင်းလိုက်သည်ထင်သည်။ သူသေတ္တာမပိတ်ပဲ အိပ်ပျော်သွားတတ်သည်။ ရှင်းပါသည်။ သူ့သေတ္တာထဲမှာ ကမ္ဘာတစ်ခြမ်းကနေဝင်ပြီး ကမ္ဘာတစ်ခြမ်းက နေပြန်ထွက်လာတတ်သည်။ နေဝင်သည့်နေရာက မှောင်သွားတော့လည်း သူ့ကိုမင်္ဂလာနံနက်ခင်းပါဟု နှုတ်ဆက်မည့် အသံငယ်လေးတွေကို သူမျှော်နေရုံပေါ့။
သူ့အိမ်တံခါးကို ဟင်းလင်းထားသလို သူ့စိတ်တွေကလဲ တိုးလျှိုပေါက်နေကြသည်။ အဲဒီမလွယ်ပေါက်ကနေပဲ သူတို့လေးတွေ သူ့စိတ်ထဲစုပြုံတိုးနေခဲ့ကြသည်ကိုး။
"ဟိုးဟိုဘက်က ညီလေး နည်းနည်းတိုးပေးပါဦး ဒီညီမလေးနေရာမရလို့"
သူက စပါယ်ယာတစ်ယောက်လို ညီ၊ညီမတွေကို ရင်ခွင်ပေါက်ထဲမှာ စနစ်တကျနေရာချရသည်။ သူ့အိမ်တံခါးကို သူတို့အတွက် အမြဲဖွင့်ထားပေမယ့် သူတို့အိမ်တွေကို ခိုင်ခံလုံခြုံလှပအောင် နှစ်လိုဖွယ်ကောင်းအောင် သူဖန်တီးပြင်ဆင်ပေးခဲ့ဖူးသည်။ အဲဒီ့အိမ်တွေပဲ သူ့သေတ္တာထဲမှာ ဘီလျံနာကြီးတစ်ယောက်လို သူပိုင်ဆိုင်လေသည်။
"ကျေးဇူးပဲအကိုကြီးရာ"
သူ့ရင်ဘတ်ထဲ စုတိုးနေကြသော ညီငယ်တစ်ယောက် ဆေးလိပ်သောက်တိုင်း သူ့ရင်ဘတ်က မွှန်လှသည်။ ပြီးတော့လဲ ဆေးလိပ်တိုကို ရင်နံရံတွေနှင့် ဖိချေမီးသတ်နေပြန်သည်။
"ဒီကောင်လေးမီးတွေငြိမ်းမယ်ဆိုရင် ငါအပူခံရကျိုးနပ်ပါတယ်လေ။ သူ့အငွေ့တွေကို ငါတဝက်ရှုလိုက်လို့ သူ့အဆုတ်ထဲဝင်တဲ့ အဆိပ်တွေတစ်ဝက်နည်းမသွားဘူးလား"
ပေတူးတူးနှင့် ကောင်မလေးတစ်ယောက်ကတော့ အိပ်ရာနိုးတိုင်း သူ့ရင်ဘတ်နံရံမှာ ခဲတံချွန်ချွန်နှင့် အမှတ်တစ်ချက်ခြစ်တတ်သည်။ အိမ်ပြန်ဖို့ရက်တွေ တာလီချိုးနေတာထင်သည်။ ခပ်စူးစူးတစ်ချက်အခြစ်ခံရလို့ ခပ်တိုးတိုးအော်လိုက်မိရင်တော့
"ကိုယ့်အကိုကြီးကို ချစ်လို့ခြစ်တာပဲဟာ" ဟု ပြောင်စပ်စပ်လုပ်နေပြန်သည်။ ဒါတွေကြောင့် သူတို့ကိုစိတ်မနာနိုင်။
ယိုင်တိုင်တိုင်နှင့် ဆိုဖာပေါ်မှထပြီး သူ့သေတ္တာအဖုံးကို ကိုင်ကြည့်နေမိသည်။ သူပိုင်ဆိုင်တာ ဒါတွေဒါတွေဒါတွေ။ ပိုင်ဆိုင်တာတွေ ဘယ်လောက်များသလဲဆိုရင် သက်တန့်အဆုံးနှစ်ဖက်ဆက်ဆွဲတဲ့ အလျားထက် သူပိုင်တဲ့ သံယောဇဉ်တွေ မေတ္တာတွေက များသေးရဲ့။ ဘာတွေပိုင်ဆိုင်သလဲဆိုတော့လဲ သူပိုင်ဆိုင်တာ ဒီသေတ္တာလေးတစ်လုံးရယ် ရွှေ့ပြောင်းမရသောပစ္စည်းများရယ်။ ဒါပဲ။ အဲဒီမေတ္တာ စေတနာ သံယောဇဉ်တွေ ပြီးတော့ သံစဉ်တွေ စာသားတွေနဲ့ အကြည့်တွေ အပြုံးတွေ လေထဲမှာဖမ်းဆုပ်လို့မရသလို ရွှေ့ပြောင်းလို့မရတဲ့အရာတွေ သူပိုင်ဆိုင်ပေတာကိုး။
သူ ခပ်တိုးတိုးရယ်လိုက်ရင်း နာရီကို ခိုးကြည့်လိုက်သည်။ နာရီကြီးက သူ့အကြည့်သူခိုးကိုမိသလို မျက်စောင်းထိုးရင်း သုံးချက်တိတိ စောင်းမြောင်းရေရွတ်သည်။ "မကြီးမငယ်နဲ့ ကလေးဗိုလ်လုပ်နေတယ် ဟွန်း အရည်မရ အဖတ်မရတွေ" ဟုလဲ မြည်တွန်တောက်တီးနေသေးသည်။ ဒီနေ့ ဒီအခန်းထဲက နာရီမဟုတ်သော သူ့ဘဝရဲ့ နာရီကြီး သူ့ကိုထပ်တစ်ကြိမ် မြည်တွန်တောက်တီးသောနေ့လည်း ဖြစ်သည်။ ပြောချင်တာပြောပါစေလေ။ သူကျေနပ်နေဖို့သာလိုသည်။
"ခင်ဗျားက ဘယ်လောက်ဆူနိုင်မှာမို့လဲ ၊ ကျုပ်ဘဝက ကျုပ်ကိုဆူပူမာန်မဲနေတာ သုံးဆယ့်ခြောက်ခါတောင်ရှိပြီ "
သူ့အပြုံးတွေ မမှိတ်ခင် အခန်းမီးကိုမှိတ်လိုက်သည်။ သူ့သေတ္တာကိုဘယ်တော့မှမပိတ်သလို သေတ္တာထဲက သူ့သံယောဇဉ်တံခါးကိုလဲ ဘယ်ညမှမပိတ်ပါ။ ခဏနေလျှင် တစ်ယောက်ယောက် အဲဒီတံခါးကို လာခေါက်မှာသေချာသည်။ အဲဒီ့သေတ္တာထဲ သူမမှိတ်မသုန် ငေးလို့သာနေပါသည်။
(PS: အကိုကြီး ကိုလင်းထက် အမှတ်တရဖြစ်စေချင်ပါတယ်။ ဒီနေ့သူ့မွေးနေ့မို့ပါ။ )





8 Comments:
သူ...သူ...။ သူ့ရင်ဘတ်ထဲက မီးတောက်တွေကို ဖုံးဖိ..။ ချစ်တဲ့ညီ၊ ညီမတွေရဲ့ စိတ်တွေ လင်းလက် ပျော်ရွှင်စေဖို့ သူ့ရင်ခွင်ကို ကိုယ်တိုင် မီးစာညှိခဲ့သူ ...။ ကိုယ့်ခံစားချက်ကို ကိုယ်တိုင် ထွန်ယက် ညီ၊ ညီမတွေ အတွက် စံပယ်တွေကို စိုက်ပျိုးစေခဲ့သူ..။ သူ...သူ...သူ....။
ဟီးဟီး တီတီလေးရေ... တူတူလေးက ဦးရီးတော်မွေးနေ့ကိုတောင် မသိဘူး ကိုကိုဘလက်ပြောလို့.. တီတီလေးဆီမှာ လာဖတ်သွားပါတယ်...။
ကျေးဇူးပဲ ညီမလေးရေ လုံးဝ လုံးဝ ကို မထင်မှတ်ထားမိခဲ့ဘူး အကို အရမ်းကို ကျေနပ်ပျော်ရွှင်မိတယ် ကိုယ့်မှာ ညီငယ်တွေ ညီမငယ်တွေ မရှိတော့ အွန်လိုင်းပေါ်က ညီတွေ ညီမတွေကို တစ်ကယ့်ကို ကိုယ့်ညီတွေ ညီမတွေလို ချစ်ခင် သံယောဇဉ် တွယ်မိတာပါ ကိုယ့်အပေါ်လဲ ခုလိုသံယောဇဉ် ရှိကြတယ် ဆိုတော့ အရမ်းကို ရင်ထဲ ကြည်နူးမိတယ် ညီမလေးရေ အကို့အတွက် တစ်ကယ့်ကို အမှတ်တရ ဖြစ်စေတဲ့ ပိုစ့်လေးပါပဲ...။
မွေးနေ့မှာပျော်ရွှင်ပါစေဗျား...။
ကောင်းတယ် မွန်ရေ... နင့်အိမ်လေးနဲ့ ငါ့အိမ်လေးကို တည်ဆောက်ပေးခဲ့တဲ့ ကိုကြီးလင်းထက်ပေါ့... တကယ်ကို အကိုကြီး တစ်ယောက်ရလိုက်သလိုပါပဲ... မွေးနေ့ဆုတောင်းတွေအားလုံး ပြည့်ဝပါစေ ကိုလင်းထက်ရေ....
မမရေ အစ်ကိုကြီးလင်းထက်အတွက် အမှတ်တရဖြစ်စေမှာပါ။ ကြည်နူးမိတယ်...... မမတို့လုပ်ပေးကြတာကြည့်ပြီးတော့...
အော်...... သူက ငါ့ထက် တလကြီးသကိုးးးး
ကိုလင်းထက်ကြီး သက်တော် ရာကျော်ရှည်ပါစေ.....
ရေးထားတာလေးလှလို့ လာဖတ်သွားပါတယ်၊
Post a Comment